ကျိုက်ထို ဇူလိုင် ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ၌ ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်တို့က စေတနာ၊ ဝါသနာစိတ်ဖြင့် တက်ရောက်သင်ကြားသည့် သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းကို တိတိကျကျ လိုက်နာကြစေရန် သင်တန်းကို အချိန်ပြည့်ဝစွာ တက်ရောက်ကြရန်၊ သင်ကြားပြသသည့် ဘာသာရပ်များကို အလေးထား သင်ယူကြစေရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ကျိုက်ထိုမြို့နယ် ဒု-မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးမှ သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်နှင့် သင်တန်းအစီအမံများကို ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက သင်တန်းသားများအား တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ရပ်ကွက်/ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင်(၃)ရက်နေ့မှ ဇူလိုင် (၂၈)ရက်နေ့ထိ (၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)