မဟာအောင်မြေ ဇူလိုင် ၃
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အပါအဝင် အခြားရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ နေ့စဉ်ဆွမ်းခံကြွတော်မူ သော ဆရာတော်၊ သံဃာတော်များ အား ယမန်နေ့ နံနက်(၆)နာရီအချိန်က မဟာအောင်မြေမြို့နယ် ၃၅-၆၉ လမ်းထောင့်တွင် သံဃာအပါး (၂၅၀) စာအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဖြင့် ဘုံဆွမ်းလောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် သတင်းသုံး နေထိုင်တော်မူသော သံဃာတော်အများအား နေထိုင်စားသောက်မှု အဆင်ပြေစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကောင်းမှုကုသိုလ်တစ်ခုဖြစ်သည့် ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဖြင့် ဘုံဆွမ်းလောင်းလှူဒါန်းမှုအား မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ဒေါ်ယုယုဇော်တို့မှ ဦးစီး၍ အလှူရှင်များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ပထမအကြိမ်အဖြစ် ဘုံဆွမ်းလောင်းလှူဒါန်းခဲ့ရာ လစဉ် လပြည့်နေ့ နံနက်ခင်းတိုင်း သံဃာအပါး(၂၅၀)စာအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဖြင့် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုံဆွမ်းလောင်းလှူဒါန်းမှုကို မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ၊ အလှူရှင် များ၊ မြို့မိမြို့ဖများ၊ ဝေယျာဝစ္စ ကုသိုလ်ရှင်များမှ ကိုယ်တိုင်ချက်ပြုတ် လောင်းလှူခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း