မိုင်းပျဉ်းမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်က မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသမီးရေးရာအကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ အမျိုးသမီးရေးရာအဖွဲ့၏ ရည်ရွယ်ချက်(၅)ချက်အကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နန်းဝိုးစိန်က အမျိုးသမီးရေးရာအဖွဲ့၏ ရင်ထိုးအမှတ်တံဆိပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စိုးလှလှမိုးက တန်ဖိုးရှိသော အမျိုးသမီးများ သို့မဟုတ် အမျိုးသမီးများ၏ တန်ဖိုးအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။

အဆိုပါ “မြန်မာအမျိုးသမီးများနေ့”အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်ကူးဆောင်ရွက်ခြင်းဖြစ်ပြီး ဌာန၏ လူမှုကွန်ယက်စာမျက်နှာတွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)