နမ့်ဆန် အောက်တိုဘာ ၁၂
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန် ဆောင် မိခင်များနှင့် ၂၀၂၀ ပြည့်နှစ် ဧပြီလနောက်ပိုင်းတွင်မွေးဖွားသည့် ကလေးသူငယ်များကို တစ်ဦးလျှင် ငွေကျပ်(၁၅၀၀၀) နှုန်းဖြင့် (၃)လ (၁)ကြိမ် အစီအစဉ်ဖြင့် (၆)လစာအတွက် တစ်ဦးလျှင် ငွေကျပ်(၉၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ က လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေရရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ် (၈၉၈)ဦးအနက် ဖုန်းလိုင်းရရှိသော ကျေးရွာများရှိ အကျိုးခံစားခွင့်ရရှိသူများကို မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ချိန်ဆက်၍ E Wallet ရှိပါက E Wallet များသို့ ငွေလွှဲပြောင်းထောက်ပံ့ပေးမည်ဖြစ်ပြီး၊ E Wallet မရှိပါက နီးစပ်ရာ KBZ Pay Agent များ ထံ လျို့ဝှက်နံပါတ်ဖြင့် ထောက်ပံ့ငွေကို ထုတ်ယူနိုင် သည်။ ယနေ့မှာတော့ တယ်လီဖုန်းလိုင်းမရှိသော ကျေးရွာများရှိ အကျိုးခံစားခွင့်ရရှိသူများကို KBZ Bank ကိုယ်စားလှယ်များက လာရောက်၍ အကျိုးခံစားခွင့်ရရှိသူများကို ငွေကြေးထောက်ပံ့ မှု များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များကို ငွေကြေး ထောက်ပံ့မှုအပြင် ကျေးရွာမှာရှိတဲ့ ကလေးငယ်များအား အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုလူမှုဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ကျန်းမာရေးဝန်ထမ်း များနှင့် ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)