ဆီဆိုင် ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သံဃာတော်များ ကြီးမှူးကျင်းပပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ “သာသနာနုဂ္ဂဟ” စာအောင်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးခွန်လှသိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးခွန်ကျော်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများတက်ရောက်ကာ စာအောင်သံဃာ(၄၅၃)ပါးတို့အား စာအောင်လက်မှတ်နှင့်ဓမ္မပူဇာအား အသီသီးဆက်ကပ်ခဲ့ပြီး “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဇဝနာရာမစာသင်တိုက်၊ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဂန္တဝါစက ဘဒ္ဒန္တ ကောဝိဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များချီးမြှင့်ရွတ်ဖတ်သော ပရိတ်တရားတော်ကို နာယူကြကာ အနုမောဒနာတရားနှင့်ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ “သာသနာနုဂ္ဂဟ” စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်တော်မူကြသော သံဃာတော်(၈၀)ပါးတို့အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးခွန်လှသိန်းနှင့်တာဝန်ရှိသူများကထပ်မံ၍ အောင်ဆုဓမ္မပူဇာ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ မြို့နယ်သံဃာတော်များ ကြီးမှူးကျင်းပပြုလုပ်သော ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် “သာသနာနုဂ္ဂဟ” စာမေးပွဲတော်ကြီးကို ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင် ၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာတွင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ စာရင်းပေးသွင်းထားသည့် စာဖြေသံဃာတော် စုစုပေါင်း(၆၀၉)ပါးအနက် ဒုတိယတန်းတွင်(၂၇)ပါး၊ ပထမတန်းတွင်(၆၈)ပါး၊ မူလတန်းတွင်(၁၅၉)ပါး၊ စာစတန်းတွင်(၂၁၂)ပါး စုစုပေါင်းစာဖြေသံဃာတော်(၄၆၆)ပါးဖြေဆိုခဲ့ကြပြီး စာဖြေသံဃာတော်(၄၅၃)ပါးအောင်မြင်သည့်အနက် ဘာသာစုံဂုဏ်ထူးဖြင့် သံဃာတော်(၈၀)ပါးတို့က ထူးချွန်စွာအောင်မြင်တော်မူကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)