ပင်းတယ ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့် ကိုက်ညီသည့် သီးနှံများကို ရာသီများအလိုက် စီးပွားဖြစ်စိုက်ပျိုးရောင်းချလျက်ရှိကြရာ ယခု ကာလထွက်ရှိသည့် နဂါးမောက်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နဂါးမောက် အနီသီးများက နဂါးမောက်အဖြူသီးထက်ပို၍ ဈေးကောင်းရရှိနေကြောင်း သိရသည်။
ပင်းတယမြို့နယ် အနီးအနားကျေးရွာများတွင် နဂါးမောက်သီးပင်များကို ဧကအများအပြား စိုက်ပျိုးထားရှိပြီး အော်ဂဲနစ်နဂါးမောက်စိုက်ခင်းများမှ ထွက်ရှိသည့် ထိုင်းနိုင်ငံမျိုးရင်း နဂါးမောက် တစ်ပင်လျှင် အလုံးရေ (၂၀)ကျော်ထွက်ရှိကြောင်း၊ နဂါးမောက်အနီသီး အလုံး (၃၀)ပါ သေတ္တာ(၁)လုံးကို ငွေကျပ် (၂၁၀၀၀) ကျပ်မှ (၂၅၀၀၀)ကျပ်အထိ ဈေးပေါက်နေ ကြောင်းနှင့် ယခုရက်ပိုင်းတွင် နဂါးမောက်အဖြူသီး (၁)လုံးလျှင် အလုံးအရွယ်အစားပေါ် မူတည်၍ (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိသာရရှိပြီး နဂါးမောက်အနီသီး (၁)လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိရရှိနေကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်းရှိ နဂါးမောက်စိုက်ပျိုးသည့် တောင်သူများသည် ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုး နည်းပညာများ ရယူစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နဂါးမောက်သီးပင်စိုက်ပျိုးရာတွင် သဘာဝမြေဩဇာဖြစ်သည့် ကြက်ချေး၊ နွားချေး၊ ဖွဲပြာများ ကိုသာ အသုံးပြုစိုက်ပျိုးကြပြီး စိုက်ပျိုးပြီး ကာလ (၈)လခန့်အကြာတွင် အသီးများရင့်မှည့် ခူးဆွတ်နိုင်ပြီဖြစ်ကြောင်းနှင့် ထွက်ရှိလာသည့် နဂါးမောက်သီး များကို ပင်းတယမြို့နယ်မှတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိသည့် မြို့ကြီးများသို့ တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)