မိုင်းခုတ် ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပဲတောင့်ရှည်အပင်များ အောင်မြင်ဖြစ်ထွန်းသဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
''ပဲတောင့်ရှည်အပင်တွေကိုတော့ အစေ့ပျိုးထုတ်တွေ ဝယ်ယူပြီး စိုက်ပျိုးပါတယ်၊ ပျိုးစေ့ထုတ်ကတော့ တစ်ထုတ်ကို ငါးရာကျပ်ပေးပြီးဝယ်ရတယ်၊ စတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာမှာတော့ စတင်ခူးဆွတ်ရောင်းချပါတယ်၊ ပဲတောင့်ရှည်အပင်တွေက ရေကြိုက်တယ်၊ ရေလောင်း ရတယ်၊ ရေကောင်းကောင်း မရရင် ပိုးထိုးတယ်၊ အရင်းအနေနဲ့ကတော့ ပျိုးစေ့ဖိုး နှစ်ထောင့်ငါးရာကျပ်လောက်ရင်းလိုက်ရင် ငါးသောင်း ကျပ် ဝန်းကျင်ခူးဆွတ်ရောင်းချရတယ်၊ (၁၂)နှစ်ရာသီစိုက်ပျိုးပါတယ်၊ ဒီတစ်ခါစိုက်ပျိုးချိန်မှာ မိုးကျစောတော့ ပဲပင်တွေလည်း ပိုးမထိုးတော့ဘူး၊ အရမ်းလည်းသီးတော့ ရှစ်သောင်းကျပ်ဝန်းကျင်လောက်ရမယ်လို့ ခန့်မှန်းထား ပါတယ်''ဟု တစ်ပိုင်တစ်နိုင် ပဲတောင့်ရှည်စိုက်ပျိုးရောင်းချသူ အမှတ်(၂)ရပ်ကွက်မှ ဒေါ်အားမီက ပြောသည်။
မိုင်းခုတ်မြို့တွင် ပဲတောင့်ရှည်အပင်များကို (၁၂)ရာသီစိုက်ပျိုးကြကြောင်း၊ စည်ပင်သာယာ ဈေးမရှိသဖြင့် ပလိုင်းထဲတွင် ပဲတောင့်ရှည်များကိုစီးကာ တစ်စီးလျှင်ငါးရာကျပ်ဖြင့် တစ်အိမ်တက်ဆင်းလိုက်လံရောင်းချကြကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးရောင်းချခြင်းမရှိသော်လည်း မိမိတို့၏မြေကွက်လပ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက် ရှိကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)