နောင်တရား ဇူလိုင် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ သဘာဝမြေဩဇာစက်ရုံ၊ အာလူး အအေးခန်းစက်ရုံ၊ လက်ဖက်အချိုခြောက်စက်ရုံနှင့် နဂါးဘိလပ်မြေစက်ရုံများသို့ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၊ မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်းတို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် လာရောက်လေ့လာသည်။
ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ စီနီယာဒုဥက္ကဋ္ဌ ဘူလိုချနီကော့ဗ် အနာတိုလီ မိဟိုင်းလောဗစ်ချ်နှင့်အဖွဲ့ဝင်များ၊ မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် အဖွဲ့ဝင်များက သဘာဝမြေဩဇာစက်ရုံ တည်ဆောက်နေမှုအခြေအနေနှင့် အာလူးအအေးခန်းစက်ရုံကို ကြည့်ရူ လေ့လာပြီး စက်ရုံလည်ပတ်နေသည့်အခြေအကို နောင်တရားအာလူး စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းလီမီတက်ဥက္ကဌ ဦးခွန်ဆန်းဦး ကရှင်းလင်းဆွေးနွေးပါသည်။ထို့နောက် လက်ဖက်အချိုခြောက်စက်ရုံသို့ သွားရောက်ကြည့်ရူလေ့လာပြီး စက်ရုံလည်ပတ်နေမှုအခြေအနေကို စက်ရုံမှူး ဦးခွန်ဇော်က ရှင်းလင်းဆွေးနွေးသည်။ အဆိုပါလေ့လာရေးအဖွဲ့သည် နဂါးဘိလပ်မြေစက်ရုံများသို့ သွားရောက်လေ့လာပြီး ရှင်းလင်းဆောင်၌ စက်ရုံလည်ပတ်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)