တပ်ကုန်း ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှဆက်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၄ ပါးနှင့် သီလရှင် ၁ ပါးတို့အား ထပ်ဆင့်ချီးကျူးပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာ”အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ဗုဒ္ဓသာသနာ့ပြုဗိမာန်တော်ကြီးတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ဆရာစံရပ်ကွက်၊ မဟာသီဟနာဒကျောင်းတိုက်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဠဂုရုဘဒ္ဒန္တအာစိဏ္ဏ၊ အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်၊ မြို့နယ်ဩဝါဒါစရိယ၊ ဘဒ္ဒန္တစန္ဒာသိရီ၊ အပူဇော်ခံဘွဲ့ရ ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရကျောင်းတိုက်၊ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည (တိုင်းသံဃနာယကအဖွဲ့ဝင်ဆရာတော်)၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဘုရားနီကျောင်းတိုက်၊ မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တပညာသီရိ(တိုင်းသံဃနာယက အကျိုးတော်ဆောင်ဆရာတော်)၊ မြဝတီရပ်ကွက်၊ ပဏ္ဍိတာရာမကျောင်းတိုက်၊ သဒ္ဓမဇောတိကဓဇဘဒ္ဒန္တပဏ္ဍိတာနန္ဒ (ရပ်ကွက်သံဃနာယကဥက္ကဋ္ဌ)၊ သပြေချောင်းကျေးရွာ၊ စိန်ရောင်ခြည်ကျောင်းတိုက်၊ ကမ္မဌ္ဓာနာစရိယဘဒ္ဒန္တတိလောက(ဦးစီးပဓာနနာယက)နှင့် အောင်ဇေယျရပ်ကွက်၊ ဓမ္မရောင်ခြည်သီလရှင်ကျောင်းတိုက်၊ ဂန္တဝါစကပဏ္ဍိတ ဒေါ်သုနန္ဒီ၊ အမှူးပြုသော ပင့်သံဃာတော် ၁၅ ပါး၊ သီလရှင် ၁ ပါးတို့ ကြွရောက်တော်မူပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးမှူး ဦးနီနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ထူးမခြားနားသီချင်းကြီးတပိုဒ် သီကျူးပူဇော်ဖွင့်လှစ်ပြီး၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဠဂုရု ဘဒ္ဒန္တအာစိဏ္ဏက သာရဏီရဩဝါဒကထာမိန့်ကြားခဲ့ပြီးနောက် မြို့နယ်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တစန္ဒာသိရီထံမှ ငါးပါးသီလခံယူတည်ဆောက်၍ ပရိတ်တရားတော်များ နာယူခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တက်ရောက်သူများက ဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များ၊ အောင်လက်မှတ်နှင့်လှူဖွယ်ပစ္စည်းများ၊ နဝကမ္မများဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဘဒ္ဒန္တစန္ဒာသိရီက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်