ကျောက်ဆည်မြို့နယ်၌ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂) ခရိုင်ချင်းဆက်လမ်းတွင် ကတ္တရာ တိုးချဲ့ခင်းပေး

ကျောက်ဆည် ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များ၊ အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက် စေရန်အတွက် ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတွင် ကတ္တရာတိုးချဲ့ခင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကတ္တရာတိုးချဲ့ခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၁၃၅.၀၀၀)ကျပ်သန်း အကုန်အကျခံကာ ကျဉ်းမြောင်းနေသည့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ (၆၃.၈)ကီလိုမီတာနှင့်(၆၄.၃) ကီလိုမီတာအတွင်း အရှည်(၀.၅)ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာအား အကျယ် (၅.၅)မီတာအထိ ပြန်လည် တိုးချဲ့ခင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၂)ခရိုင်ချင်းဆက်လမ်းသည် တစ်ခရိုင်မှ တစ်ခရိုင်သို့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ကူးလူးဆက်သွယ်ရာတွင် လွယ်ကူစေရန်အတွက် ဖောက်လုပ်ထားသည့် လမ်းတစ်လမ်းဖြစ်ပြီး ကတ္တရာတိုးချဲ့ခင်းခြင်းများ ဆောင်ရွက်ပေးမှုကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။         

သက်မောင်(ကျောက်ဆည်)