လားရှိုးမြို့၌ ပြည်နယ်ဒုတိယအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

လားရှိုး ဇူလိုင် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့်  ပြည်နယ်ဒုတိယအဆင့် ဓမ္မစကြာနှင့် အနတ္တ လက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်ဒုတိယမိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်၊ ခရိုင်၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဒိုင်အဖွဲ့ဝင် ဆရာတော်တစ်ပါးက အမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားသည်။

ထို့နောက် ပြည်နယ်ဒုတိယ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်က အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် ဆရာတော်၊ သံဃာတော်တို့အား ကျေးဇူးတင် စကားလျှောက်ထားကာ  လှူဖွယ်ဝတ္ထုငွေများဆက်ကပ်သည်။

ယင်းနောက် ပြည်နယ်ဒုတိယမိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တာဝန်ရှိသူအသီးသီက ပထမဆုရ လားရှိုးခရိုင် ဝတ်ရွတ်အသင်း၊ ဒုတိယဆုရ ကျောက်မဲခရိုင် ဝတ်ရွတ်အသင်း၊ တတိယဆုရ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဝတ်ရွတ်အသင်း၊ နှစ်သိမ့်ဆုရ ကွတ်ခိုင်ခရိုင် ဝတ်ရွတ်အသင်းနှင့် အထူးဆုများ ရရှိခဲ့ကြသည့် တန့်ယန်းခရိုင်၊ မူဆယ်ခရိုင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝတ်ရွတ်အသင်းတို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)