မန္တလေး၊ အောက်တိုဘာ ၁၂
ကိုဗစ်-၁၉ ကာလတွင် မန္တလေးသွေးလှူဘဏ်ကို လာရောက်သွေးလှူဒါန်းသူများ ယခင်ကထက် သိသာစွာ လျော့နည်းလာရာ အွန်လိုင်းကနေ သွေးလှူရှင်များ ဖိတ်ခေါ်နေကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်မှ သိရသည်။
လက်ရှိတွင် သွေးလှူဘဏ်၌ ဘီသွေးနှင့်အိုသွေးအမျိုးအစားတို့မှာ အရေးပေါ်အတွက်သာကျန်ရှိပြီး အခြားသွေးအမျိုးအစားများလည်း လက်ကျန်လျော့နည်းလာခြင်းကြောင့် အွန်လိုင်းကနေအလှူရှင်များဖိတ်ခေါ်နေခြင်း ဖြစ်သည်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအတွက် လိုအပ်သည့်သွေးများကို မန္တလေးသွေးလှူဘဏ်က နေ့စဉ်ပို့ပေးနေရပြီး ကိုဗစ်ကာလဖြစ်သော်လည်း ဆေးရုံကြီးတွင် အရေးပေါ်ထိခိုက်ဒဏ်ရာရလူနာများ၊ အရေးပေါ်ခွဲစိတ်လူနာများနှင့် သွေးအားနည်းလူနာများအတွက် သွေးလိုအပ်ချက်များရှိနေသေးကြောင်း၊ ယခင်က သွေးလိုအပ်ချက်မှာ တစ်ရက်လျှင် အလုံးရေ ၁၅၀ ခန့်လိုအပ်သော်လည်း ယခုလိုအချိန်တွင် ၁၀၀ နီးပါးလိုအပ်နေသေးကြောင်း သိရသည်။
“မန္တလေးဆေးရုံကြီးအတွက် တစ်လကို သွေးအလုံးရေ ၃၅၀၀ နဲ့ ၄၀၀၀ ကြားလိုအပ်ပါတယ်၊ ကိုဗစ်ဖြစ်တဲ့အချိန် ဆေးရုံမှာလူနာနည်းသွားတယ်၊ အရေးပေါ် ထိခိုက်ဒဏ်ရာရလူနာတွေ အရေးပေါ်ခွဲစိတ်တဲ့လူနာတွေ သွေးအားနည်းတဲ့လူနာတွေအတွက်ကတော့ သွေးက ဆက်သုံးနေရတုန်းပါ၊ အရင်က တစ် နေ့ကို ၁၅၀ လောက်လိုတာ၊ အခု ၁၀၀ နီးပါးလောက်လိုပါတယ်၊ ကိုဗစ်ကာလတွင် အပြင်ထွက်ရမှာ ကြောက် တယ်၊ အသွား အလာကန့်သတ်ထားတာတွေနဲ့ ဆိုတော့ သွေးလှူရှင်လာတာ နည်းသွားတယ်၊ ဒီရက်မှာ သွေး အမျိုးအစား ဘီနဲ့အိုကတော့ အသုံးများတော့ လက်ကျန်နည်းတယ်၊ အခုတော့ အရေးပေါ်သုံးဖို့အတွက် ရှိ တယ်၊ ကျန်တဲ့သွေးအုပ်စုလည်း အများကြီးမရှိဘူး၊ လိုအပ်ပါတယ်၊ သွေးကနေတစ်ဆင့် ကူးစက်ရောဂါပိုး ရှိ/မရှိကတော့ လှူဒါန်းလိုက်တဲ့သွေးတွေကိုစစ်ဆေးမှု အမြဲတမ်းလုပ်ပါတယ်၊ လှူဒါန်းလိုက်တဲ့သွေးကို စနစ်တကျသိုလှောင်ထားပါတယ်”ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ရောဂါဗေဒဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။
လူနာသွေးလိုအပ်သည့်အချိန် အဆင်သင့်ပေးနိုင်ရန်အတွက် စေတနာသွေးလှူရှင်စုဆောင်းခြင်းကိုလည်း လုပ်ဆောင်နေရာ သွေးလှူရှင် ၆၀ ရာခိုင်နှုန်းလောက်ရှိပြီဖြစ်ကြောင်း၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အနောက်ဘက်ခြမ်း ၇၇ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ မန္တလေးသွေးလှူဘဏ်တွင် လာရောက်လှူဒါန်းနိုင်ပြီး အလှူရှင်များသိရှိအောင် လူမှု့ကွန်ရက်စာမျက်နှာပေ့ခ်ျမှလည်း ကြိုတင်ရက်ချိန်းရယူထားနိုင်ကြောင်း သိရသည်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသည် ကုတင် ၁၅၀၀ ဆံ့ဆေးရုံကြီးဖြစ်ပြီး တက်ရောက်ကုသကြသည့်လူနာများရာ တစ်လလျှင်သွေးအလုံးရေ ၄၀၀၀ နီးပါး လိုအပ်ချက်များကို မန္တလေးသွေးလှူဘဏ်က ပို့ပေးနေရသည့်အတွက် မိမိ၏သွေးနှင့်သူတစ်ပါးအသက်ကိုကယ်မည်ဆိုသည့် စေတနာသွေးလှူရှင်များကို သွေးလှူဘဏ်၌ ၄ လတစ်ကြိမ် လာရောက်သွေးလှူဒါန်းပေးရန် ဖိတ်ခေါ်ထားကြောင်း၊ လာရောက်လှူဒါန်းသောသွေးအိတ်များကို သွေးရည်ကြည်၊ သွေးဥမွှာ၊ သွေးနီဥဆိုပြီးခွဲခြားကာ သွေးမခဲဆေးရည်ပါဝင်သည့် အိတ်များဖြင့်စနစ်တကျ သိမ်းဆည်းစုဆောင်းထားကြောင်း၊ သွေးလိုအပ်ချက်ပမာဏမှာ တစ်နှစ်ထက်တစ်နှစ် သွေးအသုံးပြုသူများပိုမိုများပြားလာခြင်းကြောင့် မြင့်တက်လာရာ လာမည့်နှစ်များတွင်လည်း သွေးအသုံးပြုသူများ ပိုမိုများလာနိုင်ဖွယ်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်