ရသေ့တောင် ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ကျေးရွာများ၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးကျိုးပြတ်သွားသော မီးတိုင်များအတွက် ပြန်လည် ထူထောင်ရေးဆောင်ရွက်ရန် ပထမအကြိမ်အဖြစ် ဓာတ်မီးတိုင် ၉၃ လုံးသည် ယနေ့ နေ့လယ်ပိုင်းက ရေဘဝဲ ၄ ရေယာဥ်ဖြင့် င/လပြားဆိပ်ကမ်းသို့ရောက်ရှိသည်။
အဆိုပါ ရောက်ရှိလာသော ဓာတ်မီးတိုင်များအား မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်သန်းနှင့် ဝန်ထမ်းများက ကရိန်းကားများဖြင့် ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း ကျေးရွာအုပ်စုအတွက် သယ်ယူဆောင်ရွက်ခဲ့ကြရာ ရွာသူရွာသားများလည်း ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည်။
ရသေ့တောင်မြို့တွင် မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့သောကြောင့် တစ်မြို့နယ်လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရာ လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခြင်း၊ ထရန်စဖော်မာများ ပြိုပျက်ခြင်း၊ ဓာတ်ကြိုးလိုင်းများ ပြုတ်ကျခြင်းကို ရှင်းလင်းဆောင်ရွက်ပြီး တစ်မြို့နယ်လုံး လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်တာဝန်ခံထံမှ သိရသည်။
ရသေ့တောင် (ပြန်/ဆက်)