လားရှိုး၊ ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လားရှိုးမြို့နယ် ကရာတေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကရာတေးသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က လားရှိုးမြို့၊ ရပ်ကွက်(၅)ရှိ ကိုးပန်ကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချောစုအောင် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားပြီး၊ မြို့နယ်ကရာတေးဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက သင်တန်းဖွင့်လှစ်ခဲ့ရသည့် ရည်ရွယ်ချက်များ၊ ကရာတေးသင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်နောက် တာဝန်ရှိသူများက ကရာတေးသင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ လားရှိုးမြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်လူရွယ် စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)