တာချီလိတ်မြို့၌ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်မှုပြိုင်ပွဲပြုလုပ်

တာချီလိတ် ဇူလိုင် ၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တ လက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်နေ့၊ ယမန်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့၊ မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တက္ကန္ဒဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်းများက ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ကြကာ ဆုရရှိသည့် ဝတ်ရွတ်အသင်းအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး၊ တောင်တန်း သာသနာပြုဗဟိုကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တက္ကန္ဒဓမ္မထံမှ ရေစက်ချအနုမောဒနာတရားနာကြားကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” ၃ ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှစုတေကာ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော် မူသောနေ့၊ ရေမီးအစုံတန်ခိုးပြဋိဟာ ပြတော်မူသောနေ့၊ တရားရတနာ၊ သံဃာရတနာစတင်ပေါ်သောနေ့၊ ပုထုစဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့ ထိုသို့ထူးခြားသည့် ဂုဏ်အင်များနှင့်ပြည့်စုံသော နေ့တစ်နေ့ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)