အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ ညောင်ရွှေ၌ ကျင်းပ

ညောင်ရွှေ ဇူလိုင် ၂

ဒေသတွင်းလူငယ်များ အသက်မွေးဝမ်းကြောင်း ပညာရရှိစေရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂ ရက် နံနက် ၉ နာရီခွဲက ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားသည်။ ဆက်လက်၍ သင်တန်းနည်းပြ ဒေါ်ဇာခြည်ဝင်းက အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြပြီး သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစိုင်းကျော်ကျော်ခိုင်က သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

အဆိုပါသင်တန်းသို့ အခြေခံစက်ချုပ်သင်တန်း တက်ရောက်ပြီးစီးခဲ့သည့် ညောင်ရွှေမြို့နှင့် အင်းလေးဒေသတွင်းမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။