ဇေယျာသီရိ ဇူလိုင် ၃
မွေးမြူရေးသုတေသနဦးစီးဌာနမှ ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဆိုင်ရာ သုတေသနဖွံ့ဖြိုးရေး (ရေချို/ရေငန်-ဖမ်းဆီး/ မွေးမြူထုတ်လုပ်ရေး) သင်တန်း(၂/၂၀၂၃)ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ ရေဆင်း၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ မွေးမြူရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လယ်ယာ၊ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနည်းပညာများအသုံးပြုပြီး ဘက်စုံ၊ ကဏ္ဍစုံ၊ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာရေးကို ရည်မှန်းချက်၊ ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်းများကို တိုးတက်စေရေး ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းဟာ အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှု GDP အတွက် ငါးထုတ်လုပ်မှုသည် အရေးပါပြီး လူတစ်ဦးချင်း ငါးစားသုံးမှုတိုးတက်ရေးနှင့် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သည့် ကဏ္ဍတစ်ခုလည်း ဖြစ်ပါကြောင်း၊ ငါးထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်အတွက် စားနပ်ရိက္ခာဖူလုံမှု၊ နိုင်ငံခြားဝင်ငွေရရှိမှု၊ ပြည်သူလူထုအတွက် အာဟာရပြည့်ဝမှုများကို တစ်ပါတည်းရရှိ နိုင်မှာဖြစ်ပါကြောင်း၊ ဒီနေ့ဖွင့်လှစ်တဲ့ နည်းပညာဆိုင်ရာ သုတေသနဖွံ့ဖြိုးရေး(ရေချို/ရေငန်-ဖမ်းဆီး/မွေးမြူ ထုတ်လုပ်ရေး) သင်တန်းဟာလည်း အနာဂတ် မြန်မာနိုင်ငံရဲ့ မွေးမြူရေးရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်းက မွေးမြူရေးသုတေသနဦးစီးဌာနရှိ ငါးကဏ္ဍဆိုင်ရာ သုတေသန ဝန်ထမ်းများကို သုတေသနနယ်ပယ်၌ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် သုတေသနရည်မှန်းချက်များအား အကောင်အထည်ဖော်ရာတွင် နည်းစနစ်တကျမှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေး အထောက်အကူပြုနိုင်စေရန် ယခု သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မွေးမြူရေးသုတေသနဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၂၆ ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် Breeding၊ Cage Culture၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်များဥပဒေ၊ ကောင်းမွန်သော ငါးမွေးမြူရေးကျင့်စဉ်၊ Outcome reach model၊ ငါးဖမ်းဆီးရေး၊ ငါးမွေးမြူရေး၊ သယံဇာတ ထုတ်ယူသုံးစွဲခြင်းနှင့် ထိန်းသိမ်းခြင်း၊ ငါးမွေးမြူရေးဆိုင်ရာ အခြေခံသဘောတရားများ၊ ငါး/ပုစွန်အစာအာဟာရ၊ မြန်မာနှင့် ကမ္ဘာ့ငါးမွေးမြူမှု၊ ငါးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေမည့်အချက်များ၊ ရေချိုပုစွန် ဇီဝဗေဒနှင့် သားဖောက်ခြင်း၊ ရေငန်ငါးဇီဝဗေဒနှင့် သားဖောက်ခြင်းနည်းပညာများကို ဇူလိုင်လ ၃ ရက်နေ့မှ ၇ ရက်နေ့ထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)