ပုဇွန်တောင် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်တိုင်းရင်း ဆေးကုဌာနမှ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ဆေးလှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန “Community Center’’ ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မာဝင့်က တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ပြောကြားပြီး တိုင်းရင်းဆေးကုသဆောင်ရွက်ပေးနေမှုနှင့် ကုသပေးသွားမည့် ရောဂါအခြေအနေများ၊ လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးသောရောဂါများအနက်မှ အဆိုးဝါးဆုံးရောဂါဖြစ်သော အဆစ်ရောင်ရောဂါ၏ လက္ခဏာများ၊ အဆစ်ရောင် ရောဂါ၏ထူးခြားချက်နှင့် ခွဲခြားသိထားသင့်သော မှားယွင်းတတ်သော ရောဂါများ၊ အဆစ်ရောင်ရောဂါအုပ်စုများနှင့် သတိပြုရှောင်ရှားသင့်သည့် အချက်များ၊ ကုသပုံနည်းများကို ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ မြို့နယ်တိုင်းရင်းဆေးကုဌာနအား မာန်ဘုရင် တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးမှ ထုတ်လုပ်သော တိုင်းရင်းဆေးများအား ပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက် လာသူများအား တိုင်းရင်းဆေးများ ပေးဝေခဲ့သည်။ ဆက်လက်ပြီး ကွင်းဆင်းကုသရေးအဖွဲ့က တိုင်းရင်းဆေးကုထုံးများနှင့် လာရောက်ဆေးကုသမှုခံယူကြသော လူနာများအား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်