စစ်တွေ ဇူလိုင် ၃
ရခိုင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေဟိုတယ် ခန်းမတွင်ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အခြေခံပညာအဆင့်၏ အရေးပါသည့်မှတ်တိုင် ဖြစ်သော တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလဒ်သည် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများ၊ သင်ကြားပေးသူဆရာ၊ ဆရာမများအတွက်ပါ အလွန်တရာမှ စိတ်ဝင်တစားမျှော်လင့် စောင့်စားရသည့် ရလဒ်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသည် ရခိုင်ပြည်နယ်၏ အထူးချွန်ဆုံး စံပြုထိုက်သူများကို ဆုချီးမြှင့်သည့် အခမ်းအနားဖြစ်ခြင်းကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစာရင်းကို ကြည့်မည်ဆိုလျင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၉၂၈)ဦး ရှိပြီး အောင်မြင်သူစုစုပေါင်း (၉၉၆၄)ဦး ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၈ ဒသမ ၈၆ ရှိခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၅ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့ သည့်အတွက် အောင်မြင်မှုရာနှုန်းမြင့်တက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံပညာရေးကို KG+12 စနစ်ဖြင့် နိုင်ငံတကာ အဆင့်မီနိုင်စေရေးအတွက် သင်ရိုးသစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သည် စနစ်သစ်ပညာရေး၏ KG+Grade-12 စနစ်အားလုံး ပြောင်းလဲပြီးစီးသွားပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကို စနစ်သစ်သင်ရိုးဖြင့် စစ်ဆေးသွားမည် ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများကို ယခုဆုနှင်း သဘင်က တိုက်တွန်းပြောကြားလိုကြောင်း၊ ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့သော “မိုခါ”မုန်တိုင်းကြောင့် ကျောင်းအဆောက်အဦ၊ လူနေအိမ် အများအပြားပျက်စီးခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ကျောင်းအဆောက်အဦများပျက်စီးခဲ့မှုကြောင့် ကျောင်းသား၊ ကျောင်းသူ များ၏ ပညာရေးလစ်ဟင်းမှုမရှိစေရန် ကြီးကြပ်ဆောင်ရွက်မှုများကြောင့် ကျောင်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ရာမှာ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများလည်း ရာနှုန်းပြည့်တက်ရောက် ပညာသင်ယူနေကြပြီဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ရခိုင်ပြည်နယ် ဂုဏ်ဆောင်ဆုရ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိဒေသ၊ မိမိရပ်ရွာ၊ မိမိမြို့နယ်ကို ရောက်ရှိကြ သည့်အခါ အားကျဂုဏ်ယူ စရာများကို ပြောပြရင်း လာမည့်တက္ကသိုလ်ဝင်စာမေးပွဲ၏ ပထမဦးဆုံး Grade-12 စာမေးပွဲဖြေဆိုကြမည့် ညီငယ်၊ညီမငယ် ကျောင်းသား၊ ကျောင်းသူများအား အကောင်းမွန်ဆုံး ဖြေဆိုနိုင်ရန်အားပေး ပြောကြား စေကြောင်းနှင့် ဆက်လက်၍ မိမိတို့၏ပညာစွမ်း၊ ဉာဏ်စွမ်းများဖြင့် နိုင်ငံတော်တည်ဆောက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများမှာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ၊ နိုင်ငံတော်အတွက် အားကိုးအားထား ပြုရသော နိုင်ငံ့သားကောင်းရတနာများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာတွဲများတွင် အမှတ်အများဆုံးရရှိသူများ၊ ဘာသာစုံဂုဏ်ထူးရရှိသူ၊ လေးဘာသာ၊သုံးဘာသာဂုဏ်ထူးရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဘာသာစုံ ဂုဏ်ထူးရှင် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ဘာသာစုံဂုဏ်ထူးရှင်တစ်ဦး၊လေးဘာသာဂုဏ်ထူးရှင်(၇)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂၈၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇၂၅)ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် (၂၂၀၈)ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)