ပုဏ္ဏားကျွန်း ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုးစပါးများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခြွမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့် မျိုးစပါးများအား တပ်မတော် မော်တော်ယာဉ်များဖြင့် ယနေ့၊ နံနက်(၁၁)နာရီတွင် ပုဏ္ဏားကျွန်းမြို့သို့ (တတိယအကြိမ်) ရောက်ရှိလာသည်။
ထိုသို့စီမံဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးမှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါးတင်း(၃၀၀၀)ကို တပ်မတော် မော်တော်ယာဉ်(၁၀)စီးဖြင့် သယ်ယူရောက်ရှိလာရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ပေါ်မှ ကူညီထမ်းပိုးသယ်ဆောင်ပေးကြရာ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မုန်တိုင်းဘေးဒဏ်သင့်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် အဆိုပါမျိုးစပါးများကို ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော ပေါ်ဆန်းရင်မျိုးစပါးများကို မုန်တိုင်းသင့် ကျေးရွာအုပ်စုများသို့ အမြန်ဆုံး ဖြန့်ချီပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)