နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်က ပြန်လည်ပြုပြင်မွမ်းမံပြီးသော ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါးကျောင်းဆောင်နှစ်ဆောင် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ကျင်းပရာ လယ်ဝေးမြို့နယ် သံဃနာယကအဖွဲ့ဝင် ဝင်တဲကူးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပသန္နာစာရ မထေရ်မြတ်အမှူးပြုသော ဆရာတော် သံဃာတော်များ တက်ရောက် ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်မိသားစုများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
ရှေဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် အမှူးပြုသော ဧည့်ပရိသတ်များက လယ်ဝေးမြို့နယ်၊ သံဃနာယကအဖွဲ့ဝင် ဝင်တဲကူးကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပသန္နာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်တို့က ချီးမြှင့် တော်မူအပ်သော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် အမှူးပြုသော ဧည့်ပရိသတ်များက လယ်ဝေးမြို့နယ်၊ သံဃနာယကအဖွဲ့ဝင် ဝင်တဲကူးကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပသန္နာစာရထံမှ အနုမောဒနာ တရားနာကြားပြီး အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ပြန်လည်ပြုပြင်မွမ်းမံပြီးသော ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါး ကျောင်းဆောင်နှစ်ဆောင်တို့အား လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့်တာဝန်ရှိသူများ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများတွင် ဧပြီလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းနှင့် ကျန်းမာရေးဌာနအဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရာ အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါး ကျောင်းဆောင် နှစ်ဆောင်တို့အား ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ယူ၍ စုစုပေါင်း ငွေကျပ်သိန်း ၁၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်း ကျေးရွာအတွက် မန်ကျည်းပင် ပျိုးပင်များနှင့် မျိုးစေ့များကို ကျေးရွာအတွင်းအပြင်များတွင် စိုက်ပျိုးနိုင်ရန်အတွက် ပေးအပ်ခဲ့သည်။ အဆိုပါကျေးရွာနှစ်ရွာတွင် ကျေးရွာပြည်သူများအနေဖြင့် မိမိတို့နေအိမ်းများအား ထောက်ပံ့ပေးအပ်ခဲ့သည့် သစ်များ၊ သွပ်များနှင့် ပြန်လည်တည်ဆောက် နေထိုင်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)