မော်လမြိုင်မြို့တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား ကပ်လှူပူဇော်နိုင်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင် ဇူလိုင် ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား ကပ်လှူပူဇော်နိုင်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မဟာမြတ်မုနိဘုရားကြီး ဓမ္မသာလဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး၊ ဩဝါဒါစရိယ ဗုဒ္ဓသာသနာ့ သိပ္ပံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီးလခံယူ ဆောက်တည်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဦးသျှောင်မကိုဋ်တော်အတွက် အလှူရှင်များက အလှူငွေများ၊ ရွှေစင်၊ ရွှေသားများ ပေးအပ်ခဲ့မှုအပေါ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြို့မိမြို့ဖ ဦးလှထွန်းတို့က လက်ခံရယူခဲ့ပြီး၊  အတုလရန်အောင်ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တကောသလ္လ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်အရှင်သူမြတ်အားထံ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေးစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်း၍ ဆရာတော်၊ သံဃာတော်အရှင်သူများမြတ်အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)