ပုဇွန်တောင် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန “Community Center’’ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ပြည်သူလူထုများအား အသိပညာဗဟုသုတရရှိစေရန်နှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ မဖြစ် ပွားစေရန်ဖြစ်ကြောင်း ပြောကြားပြီး အမျိုးသမီးအကြမ်းဖက်မှု အမျိုးအစားများဖြစ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာနှင့် ဆက်သွယ်ရေး နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမျိုးအစားများ အကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်က အမျိုးသမီးရေးရာ ဖွဲ့စည်းမှု၊ အကောင်အထည်ဖော်ဆောင်ရွကနေမှု၊အကြမ်းဖက်မှုများတွေ့ရှိပါက ဝိုင်းဝန်းပူးပေါင်း ကာကွယ်နှိမ်နင်းကြရန် ဟောပြောခဲ့ကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အေးအေးခက်က အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရန် နည်းလမ်းများ၊ အမျိုးသမီးအကြမ်းဖက်ခံရမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်း များ၊ အကြမ်းဖက်ခံရမှုဖြစ်ပွားပါက စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးမှုများ၊ စောင့်ရှောက်ပေးမှုများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အမျိုးသမီးအကြမ်းဖက် အသိပညာပေးနှင့် သွေးလွန် တုပ်ကွေး အသိပညာပေး နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သတင်းရရှိ သည်။
ဟန်စုယဉ်