သုံးခွ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မြို့နယ်အဆင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ ယမန်နေ့နံနက် ၉နာရီ အချိန်က စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် ဂလက်ဆီဆီဆိုင်၊ ဆိပ်ကမ်းသာဆီဆိုင်နှင့် ရတနာဆီဆိုင်တို့တွင် စက်သုံးဆီအမျိုးအစားအတိုင်း ရည်ညွှန်းဈေးနှုန်းဖြင့် မှန်ကန်စွာရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုးများ၊ မီးခလုတ်ခုံများအား စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများထားရှိမှုရှိ/မရှိနှင့် ရေသိုလှောင်အုတ်ကန်များတွင် ရေသိုလှောင်ထားခြင်းရှိ/မရှိတို့ကို ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)