အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပူတာအိုမြို့နယ်ပညာရေး GEC သမဝါယမအသင်းလီမိတက်မှ  အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုးများပေးအပ်

ပူတာအို ဇူလိုင် ၂

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပူတာအိုမြို့နယ် ပညာရေး GEC သမဝါယမအသင်းလီမိတက်မှနှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်ပြီး အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေ ပေါ်အတိုးများပေးအပ်ခြင်းကို ဇူလိုင်(၁)ရက် မွန်းတည့်(၁၂)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ပညာရေး GEC သမဝါယမအသင်းဥက္ကဋ္ဌ ဦးဝဒမ်းခေါင်ဖုန်မှ သမဝါယမ စနစ်သည် ၁၇ ရာစုတွင် စတင်ပေါ်ပေါက်ခဲ့သော လူမှုစီးပွားရေးအသင်းအဖွဲ့ဖြစ်ကြောင်း၊ ယခုပညာရေး GEC သမဝါယမ အသင်းသည် ၁၉၈၀ ကျော်တွင် စတင်ဖွဲ့စည်းခဲ့သော အသင်းဖြစ်ကြောင်း၊ ယခုလက်ရှိ အသင်းသားဦးရေမှာ (၂၉၅)ဦးရှိကြောင်း၊ အသင်းအနေဖြင့် အသင်းသားများ၏ စုဆောင်းငွေများ လက်ခံခြင်းနှင့် ချေးငွေများထုတ်ချေးခြင်းကို မှန်မှန်ကန်ကန်ဆောင်ရွက်လျှက်ကြောင်း၊ အသင်းသား များမှလည်း အမှုဆောင်အဖွဲ့များနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပူတာအိုမြို့သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးခမ်းကိုင်က ယနေ့ကျင်းပပြုလုပ်သည့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးသည် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသော အခမ်းအနားဖြစ်ကြောင်း၊ ယခုလို အသင်းသူ အသင်းသားများအား စုံစုံညီညီတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ GEC သမဝါယမ အသင်းသည် နှစ်ပေါင်း (၃၀)ကျော်တည်ရှိခဲ့သော အသင်းဖြစ်ကြောင်း၊ ယခုအသင်းသည် အသင်းသားများအတွက် အားထားအားကိုးရသော အသင်းတစ်သင်း ဖြစ်ကြောင်း၊ အသင်းသား များ၏အကျိုးကို အထောက်အကူပြုပေးသော အသင်းဖြစ်ကြောင်း၊ အသင်းရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသင်း၏စည်းမျှဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်းနှင့် အသင်းသားများက အမှုဆောင်အဖွဲ့နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း ရှင်းလင်း ဆွေးနွေး သည်။

ထို့နောက် မြို့နယ်ပညာရေး GEC သမဝါယမအသင်း အလုပ်အမှုဆောင် ဦးဒိန်ခန်ဒီးတန်က ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အစီရင်ခံစာဖတ်ကြားတင်သွင်းပြီး မြို့နယ်သမဝါယမ ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခေါ်ဒုဒီးဆားရ်က ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းကို ဖတ်ကြားကာ အစည်းအဝေးတက်ရောက်လာသူများက အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို အသင်းသားများက အကြံပြုဆွေးနွေးမှုအပေါ် အမှုဆောင် အဖွဲ့မှပြန်လည်ရှင်းလင်းဖြေသည်၊။

ထို့နောက် အမှုဆောင်အဖွဲ့ ဦးဖလားဖုန်၏ဦးဆောင်မှုဖြင့် အသင်းတွင်အမှုဆောင်နေရာ လစ်လပ် လျက်ရှိသောနှစ်နေရာအား အသင်းသားများ၏ သဘောတူညီချက် ရယူကာ ရွေးချယ် တင်မြှောက်ခဲ့ကြပြီး အသင်းသားများအား အစုပေါ်အမြတ် (၂၂၅၀၀၀၀)ကျပ်နှင့် စုဆောင်းငွေပေါ် အတိုး(၅၉၄၀၀၀)ကျပ်တို့အား ထုတ်ပေးခဲ့ကြောင်းသိရှိရသည်။                         

ဖုန်ကန်(ပူတာအို)