လားရှိုး ဇူလိုင် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် ပြည်နယ်ဒုတိယအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော် ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ် ဒုတိယမိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး လူပုဂ္ဂိုလ် ဒိုင်တစ်ဦးက အမှတ်ပေးစည်းမျဉ်းများကိုရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ခရိုင်များဖြစ်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊မူဆယ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ လားရှိုးခရိုင်၊ တန့်ယန်းခရိုင်၊ ကျောက်မဲခရိုင်တို့မှ ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်းများက ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်ကို အလွတ်ရွတ်ဆို ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဆုရရှိသည့် ဝတ်ရွတ်အသင်းများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )