ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှုး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

ရန်ကုန် ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှုး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၇) ဖွင့်လှစ်ပို့ချခြင်းကို ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး  ရွှေလုပ်ငန်းရှင်များအသင်း ရုံးတွင်ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုး ဦးဥက္ကာနှင့် ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုး ဦးကျော်စွာရဲတို့က အသီးသီးအမှာ စကားပြောကြားကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က အသိပညာပေး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားသည်။

သင်တန်းဖွင့်ပွဲအပြီးတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးသူရိန်အောင်က သတင်းပို့အဖွဲ့အစည်းများအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပြဌာန်းချက်များ သင်ခန်းစာကို online ဖြင့် သင်ကြားပို့ချသည်။

ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးမျိုးတင့်ဇော် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး AML/CFT အကြောင်း တို့ကို အချိန်နှစ်ပိုင်းခွဲ၍ ရှင်းလင်းပို့ချကြသည်။

သင်တန်းဆင်းပွဲကို ညနေပိုင်းတွင်ပြုလုပ်ရာ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အမှုဆောင်များ သင်တန်းဆရာနှင့် တာဝန်ရှိသူတို့က ရွှေဆိုင်လုပ်ငန်းလုပ်ကိုင်ကြသည့် သင်တန်းသား သင်တန်းသူ ၁၀၀ ဦးတို့ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)