ရန်ကုန် ဇူလိုင် ၂
အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေး လုပ်ငန်းစဉ်များနှင့် ချမှတ်ထားသော မြန်မာစံချိန်စံညွှန်းများ၊ အဆောက်အအုံ၊ လမ်း၊ တံတား၊ လေယာဉ်ကွင်းတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းများဆိုင်ရာ မြန်မာစံချိန်စံညွှန်းများ၊ ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ မြန်မာစံချိန်စံညွှန်းများ၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ မြန်မာစံချိန်စံညွှန်းများကို သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များမှ သိရှိနားလည်ပြီး ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့အသုံးချလာနိုင်ရေး ရည်ရွယ်၍ စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည်။
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းနှင့် ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲတွင် စံချိန်စံညွှန်းများချမှတ်ခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိရန် ဝန်ဆောင်မှုပေးခြင်း၊ Calibration ဝန်ဆောင်မှုပေးခြင်းများနှင့်စပ်လျဉ်း၍ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင်ကလည်းကောင်း၊ အဆောက်အအုံ၊ လမ်း၊ တံတား၊ လေယာဉ်ကွင်း တည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်း စံချိန်စံညွှန်းများရေးဆွဲရေး နည်းပညာဆပ် ကော်မတီမှ ချမှတ်ထားသော မြန်မာစံချိန်စံညွှန်းများနှင့် MMS ASTM D946/D946M-20(ကတ္တရာစံချိန်စံညွှန်း)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ထားဇင်သင်းဇော်ကလည်းကောင်း၊ ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ ရေးဆွဲထားသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စနစ်များဆိုင်ရာ မြန်မာစံချိန်စံညွှန်းများနှင့် MMS ISO 14001 နှင့်စပ်လျဉ်း၍ နည်းပညာဆပ်ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်အောင်ဝင်းက လည်းကောင်း၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ ရေးဆွဲထားသော လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး ဆိုင်ရာ မြန်မာစံချိန်စံညွှန်းများနှင့်စပ်လျဉ်း၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး/ ဌာနမှူး ဒေါက်တာဝါဝါမိုးကလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသူများက မိမိတို့သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)