ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဌာနသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် နမ့်ဆန်မြို့နယ်မှ ကျန်းမာရေးသူနာပြု ဆရာမ(၂)ဦးအား ထောက်ပံ့ငွေပေးအပ်

 

နမ့်ဆန်            အောက်တိုဘာ ၁၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနသို့ ရှမ်းပြည်နယ်ကိုယ်စားပြုသွားရောက် တာဝန်ထမ်းဆောင်ကြမည့် နမ့်ဆန်မြို့နယ် ကျန်းမာရေးဌာနမှ သူနာပြုဆရာမ (၂)ဦးအား ယမန်နေ့က ဒေသဦးစီးအဖွဲ့နှင့် မြို့နယ်တာဝန်ရှိသူများက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှုန်း တစ်နေ့တစ်ခြားတိုးပွားလာသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားနေသည့် လူနာများကို ပြုစုကုသမှုပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေသည့် အတွက် ရှမ်းပြည်နယ်ကိုယ်စားပြု သွားရောက်တာဝန်ထမ်းဆောင်ကြမည့် နမ့်ဆန်မြို့နယ် ကျန်းမာရေးဌာန မှ သူနာပြုဆရာမ (၂)ဦးအား ကူညီထောက်ပံ့သည့်အနေဖြင့် ဒေသဦးစီးအဖွဲ့ ဉက္ကဋ္ဌ ဦးဝင်းကျော်က ကျပ်(၃)သိန်း၊ မြို့နယ်ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ကုသရေးနှင့် တုန့်ပြန်ရေးကော်မတီမှ ကျပ်(၂)သိန်း၊ မြို့နယ် သဘာဝဘေးကော်မတီက ကျပ်(၁)သိန်း၊ မြို့နယ်ကျန်းမာရေးဌာနက ကျပ်(၁)သိန်း၊ နမ့်ဆန်မြို့နယ် လောကပါလလူမှုကူညီရေးအသင်းက ကျပ်(၁)သိန်း အသီးသီးထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရှေ့ဆုံးမှ ကာကွယ်တိုက်ထုတ် ကုသပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများအား တစ်ဖက်တစ်လမ်း အားပေးကူညီပေးသည့်အနေဖြင့် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းသိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)