မောင်တော ဇူလိုင် ၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအနေဖြင့် အခြေခံစာရင်းဇယားရေးဆွဲနည်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားလာစေရန်ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား စာရေးဝန်ထမ်းများ အခြေခံစာရင်းဇယားရေးဆွဲနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက် ၁၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးတို့က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်က အခြေခံစာရင်းဇယားရေးဆွဲနည်း သင်တန်းဖွင့်လှစ်ပို့ချရခြင်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် နည်းပြသုံးဦးက သင်တန်းပို့ချမည် ဖြစ်ရာ သင်တန်းကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် ခေတ္တရပ်ကွက်အုပ်ချုပ်ရေးမှူး ၈၆ ဦး နှင့် ရပ်ကျေးစာရေးဝန်ထမ်း ၈၅ ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ တစ်ရက် ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)