ရသေ့တောင် ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လေဘေးသင့် တောင်သူများ၏ စပါးစိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်ကထောက်ပံ့သော မျိုးစပါးများ ပထမအကြိမ်အဖြစ် GW11 နှင့် နှံကောက်အမျိုးအစား မျိုးစပါးတင်းပေါင်း ၁၀၄၆၂ တင်းကို စစ်တွေမြို့မှ ရသေ့တောင်မြို့သို့ ကုလားတန်(၆) ရေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့နံနက် ၇နာရီ ၃၀ မိနစ်က ရောက်ရှိလာသည်။
အဆိုပါရောက်ရှိလာသော မျိုးစပါးများအား ရသေ့တောင်ဆိပ်ကမ်း၌ ပြန်လည်ထူထောင်ရေးတာဝန်ခံ တပ်မတော်အရာရှိကြီး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မစဖဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ မျိုးစပါးဖြန့်ဝေရေး ကြီးကြပ်မှုကော်မတီဝင်များက စိစစ်လက်ခံခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ သင်တန်းသားတပ်ဖွဲ့ဝင်များက ကျေးရွာများသို့ ဖြန့်ဝေပေးနိုင်ရေး လုပ်အားပေး ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် ရောက်ရှိလာသော မျိုးစပါးများအား မြို့မနယ်မြေ (၁၂) အုပ်စု၊ လောင်းချောင်းနယ်မြေ (၄)အုပ်စုတို့အား ဖြန့်ဝေခဲ့ပြီး၊ ကျန်ရှိသည့် မျိုးစပါးများအား စိုက်ပျိုးရာသီအမီ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။
ရသေ့တောင် (ပြန်/ဆက်)