မိုင်းယောင်း အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဂန္ဓရသဝံသောသည် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အရေးပေါ်လူနာတင်ယာဉ် ဝယ်ယူနိုင်ရန် အတွက် ယနေ့ နံနက်ပိုင်းက ယင်းစာသင်တိုက်တွင် အလှူငွေပေးအပ်ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်က လှူဒါန်းမှုနှင့် ပတ်သက်၍ ဩဝါဒမိန့် ကြားပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက မိုင်းယောင်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တွင် အရေးပေါ်လူနာတင်ယာဉ် မရှိသေးသည့်အတွက် လူနာတင်ယာဉ်တစ်စီး လိုအပ်လျက်ရှိပါကြောင်း ရှင်းလင်း လျှောက်ထားသည်။
ထို့နောက် ဆရာတော်က အရေးပေါ်လူနာတင်ယာဉ် ဝယ်ယူနိုင်ရန်အတွက် အလှူငွေကျပ် နှစ်သိန်းကို ပေးအပ်ချီးမြှင့်တော်မူရာ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ခွဲမှူး ဦးစိုးမြတ်ဟိန်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ကာ ကျေးဇူးတင်စကား လျှောက်ထားခဲ့ကြောင်း သိရသည်။
ယခုအခါ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး သွေးအလှူရှင်များ စုဆောင်းခြင်း၊ ကိုယ်တိုင် သွေးလှူဒါန်းခြင်း၊ မတော်တဆမှုနှင့် သဘာဝဘေး ဖြစ်ပွားချိန်တွင် အသုံးပြုရန် အရေးပေါ်လူနာတင်ယာဉ် လိုအပ်နေကြောင်း၊ လှူဒါန်းလိုသူများအနေနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဖုန်း ၀၉၄၂၈၂၂၉၈၄၃ ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း