ကမာရွတ်မြို့နယ်၌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကမာရွတ် ဇူလိုင်  ၁

ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်အလွတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ တက္ကသိုလ်များဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ တိုင်းဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး၏ဇနီးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အကဲဖြတ်ဒိုင်တစ်ဦးက ဝတ်ရွတ်ပြိုင်ပွဲအသင်းများ၏ အားသာချက် အားနည်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် မရမ်းကုန်းမြို့နယ်နှင့် နှစ်သိမ့်ဆုအသီသီးရရှိကြသော အဝတ်အသင်းများ အား တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်ဖြူဖြူစိန်ကပေးအပ်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရန်ကုန်တိုင်း၊ ညွှန်ကြားရေးမှူး၏ဇနီး ဒေါ်ရွှေမိုးသူဇာက အကဲဖြတ်ဒိုင်များအား မေတ္တာလက်ဆောင်ပစ္စည်းများပေးအပ်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။

စိမ်းလဲ့