မိုးကောင် ဇူလိုင် ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် သမဝါယမဦးစီးဌာနက ဇူလိုင်လ (၁)ရက်နေ့တွင်ကျရောက်သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် အဆိုပါဌာန၌ ယနေ့နံနက်(၉)နာရီတွင် ရောင်းချပေးကြောင်း သိရသည်။
ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော နေကြာဆီ၊ မြေပဲဆီနှင့် ကြက်သွန်နီတို့အား မြို့နယ်သမဝါယမ အသင်းစုနှင့် မိုးကောင်းမြို့သမဝါယမဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းက ပြောကြားသည်။
အဆိုပါစားသောက်ကုန်နေကြာဆီ ပိဿာ(၁၀၀)ကို တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ မြေပဲဆီ ပိဿာ(၁၀၀)အား တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ(၅၀)ပိဿာအား တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ဖြင့်လည်းကောင်း အသီးသီးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)