ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့တွင် ကျောက်ပန်းတောင်း-ရေနံချောင်းလမ်းအထွက် ကောင်းမွန်းတိုးဂိတ်အနီးတွင် ယာယီစစ်ဆေးရေးဂိတ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၆ ရက်နေ့က စတင်ဖွင့်လှစ်စစ်ဆေးလျက်ရှိရာ၊ ယမန်နေ့က ယာဉ်မောင်း (၂) ဦးနှင့် ယာဉ်နောက်လိုက် (၁) ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ ရှိခဲ့သဖြင့် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။
ကောင်းမွန်တိုးဂိတ်အနီး ယာယီစစ်ဆေးရေးဂိတ်တွင် RDT Test Kit ဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းစစ်ဆေးမှုတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ဘုရင့်နောင်ပွဲရုံမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့သို့ ထွက်ခွာလာသည့် ယာဉ်အမှတ် 2D-4268 မှ ယာဉ်မောင်း မျိုးမင်းထွန်း (၃၀) နှစ်၊ (ဘ)ဦးဇော်ဝင်း၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာအုပ်စု၊ စံပါယ်ပင်ကျေးရွာနေသူနှင့်ယာဉ်နောက်လိုက် စောအိုဗွယ်ခေး (၂၄) နှစ်၊ (ဘ) စောသီဖော၊ ကန်ကြီးထောင့်မြို့နယ် ကျွန်းကုန်းကျေးရွာနေသူတို့တွင်လည်းကောင်း၊ ယာဉ်အမှတ် 1B-3148 မှ ယာဉ် မောင်း ကိုစိုးဟိန်း (၂၉) နှစ် (ဘ) ဦးတင်မြင့်၊ ကျောက်ပန်းတောင်းမြို့နယ် တောင်ဇင်ကျေးရွာအုပ်စု၊ တောင်ဇင်ကျေးရွာနေသူတွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ ၎င်းတို့ (၃) ဦးအား ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူနိုင်ရန် ပို့ ဆောင်ထားကြောင်းသိရသည်။ အဆိုပါ ပိုးတွေ့လူနာ (၃) ဦးနှင့် ထိတွေ့ ဆက်စပ်မှုရှိနိုင်သူများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် FQ ထားရှိသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)