မောက်မယ်မြို့နယ်၌ နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မောက်မယ်  ဇူလိုင်  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက်တွင် မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များအား ဧပြီလ ၁၁ ရက်နေ့မှ မေလ ၃၁ရက်နေ့ ညစဉ် ၆နာရီမှ ၉ နာရီအထိ သင်ကြားပို့ချခဲ့ပြီး နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ည ၆ နာရီတွင် ကွန်ကျိုင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ အောင်မင်္ဂလာမွေတော်ကျောင်းဆရာတော်ထံ ငါးပါးသီလခံယူဆောက်တည်၍ အဖွင့်သြဝါဒစကားမြွက်ကြားတော်မူကာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းကျော်မြင့် ကအဖွင့်အမှာစကားပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ဟိန်းက နှစ်စဉ်နွေရာသီရှမ်းတိုင်းရင်းသားစာပေ သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား တာဝန်ရှိသူများကဆုများနှင့်သင်တန်းဆင်းလက်မှတ်များအသီးသီးချီးမြှင့်ပေးအပ်ကာကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များတို့က တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။

ထိုသို့နွေရာသီသင်တန်းဖွင့်လှစ်ပေးရခြင်းမှာအနာဂတ်ကျောင်းသား ကျောင်းသူများအနေဖြင့် လိုက်နာရမည့် ပြည်သူ့နီတိများကိုသိရှိကာ ယဉ်ကျေးသည့်သားကောင်းသမီးကောင်းမွန်များ ဖြစ်လာစေရန်နှင့် ရှမ်းတိုင်းရင်းသားရိုးရာဓလေ့ ထုံးတမ်းများနှင့်ရှမ်းတိုင်းရင်းသား စာပေများမပျောက်ပျက်  စေရန်ရည်ရွယ်၍ နှစ်စဉ်သင်တန်းဖွင့်ပေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)