လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်၅ နှစ်နှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၁၃၄၉ ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ

လယ်ဝေး ဇူလိုင် ၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇွန်၂၆ ရက်မှ စတင်ထိုးနှံ လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ယမန်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ KG တန်း အသက် ၅ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ပထမအကြိမ် ကာကွယ်ဆေး၊ အသက်၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား Booster Second Dose ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို KG ကျောင်းသားကျောင်းသူ ၇၀ ဦးနှင့် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသားကျောင်းသူ ၁၂၇၉ ဦးတို့အား ထိုးနှံပေးခဲ့ပြီး ဆက်လက် ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)