ရွှေပြည်သာ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၂)ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (Wcc)အဖွဲ့ဝင်များအား အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီတွင် ရွှေပြည်သာစက်မှုဇုန်(၂)ကနောင်ခန်းမ၌ ကျင်းပသည်။
အသိပညာပေးဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်ဌေးဝင်းက အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့်အခွင့်ရေးဆိုင်ရာ အငြင်းပွားမှုများ၊ အငြင်းပွားမှုဖြေရှင်းရေးယန္တရားဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် အကျိုးစီးပွား ဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ သိရှိသင့်သည့်ကိစ္စရပ်များ၊ အလုပ်သမားဥပဒေပါ အလုပ်ရှင်၊ အလုပ်သမားများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို နားလည်သိရှိခြင်းဖြင့် လုပ်ငန်းခွင် အေးချမ်သာယာလာမည်ဖြစ်ကြောင်း အလုပ်သမားများအနေဖြင့် မိမိတို့၏ လိုလားချက်များရှိပါက လုပ်ငန်းလုပ်ကိုင်မှုမပျက်ဘဲ လုပ်ငန်းခွင်အတွင်း ဖွဲ့စည်းထားသော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Wcc)၌ ဆွေးနွေးညှိနှိုင်းရန်လိုအပ်ကြောင်း၊ အလုပ်သမား အလုပ်ရှင်တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လေးစားခြင်း၊ ယုံကြည်မှု ရှိခြင်းတို့ဖြင့် နှစ်ဦးနှစ်ဖက်အကျိုးကို ဦးတည်ရှေးရူဆောင်ရွက်သွားရန်၊ အကောင်းမြင်ဝါဒကို လက်ကိုင်ထားဆောင်ရွက်ရန်၊ အလုပ်သမား၊ အလုပ်ရှင်တို့သည် တစ်ဦးပေါ်တစ်ဦး လူသားချင်းစာနာထောက်ထားပြီး သူ့အကျိုး၊ ကိုယ့်အကျိုး မျှတအောင် ဆောင်ရွက်လိုတဲ့ စိတ်သဘောတို့ဖြင့် ပြုမူဆက်ဆံရန် နှစ်ဖက်လုံးတွင် တာဝန်ရှိသကဲ့သို့ အဆိုပါနည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
အသိပညာပေးဆွေးနွေးပွဲသို့ အလုပ်သမားဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိများ၊ ရွှေပြည်သာ မြို့နယ်တာဝန်ခံအရာရှိများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ယခုကဲ့သို့ အသိပညာပေးဆွေးနွေးမှုများ ကျင်းပပြုလုပ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ အလုပ်သမားဥပဒေများကို သိရှိလာ၍ အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေးကောင်မွန်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ကာနိုင်ငံ၏ စီးပွားရေးကဏ္ဍကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)