မြစ်သား ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအခြေခံ သမဝါယမအသင်းများသို့ အရင်းမပျောက်မတည်ငွေများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်ကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးမောင်မောင်ငြိမ်းက တိုင်းဒေသကြီးအစိုးအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့်တောင်သူလယ်သမားများ၏ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ချေးငွေကို ထုတ်ချေးပေးရခြင်းဖြစ်ပြီး ချေးငွေသက်တမ်းမှာ (၆)လဖြစ်ကြောင်း၊ ထုတ်ချေးထားသောချေးငွေကို စပါးစိုက်ပျိုးထုတ်လုပ်မှု တွင် သုံးစွဲစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းက အရင်းမပျောက်မတည်ငွေများပေးအပ်ရာတွင်ကျေးရွာများရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့်အသင်းများအတွက် တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသောမျိုးသွင်းအားစုများကိုဝယ်ယူပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊SOPပါ လုပ်ငန်းစဥ်များဖြင့်ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးအတွက် ချေးငွေယူမည့် တောင်သူ(၈၈)ဦး၊ ဧက(၅၀၀)အတွက်ချေးငွေကျပ် (၁၀၀)သန်းဖြစ်ပြီး သမဝါယမဦးစီးဌာနမှစိုက်ပျိုးရေးတောင်သူများအတွက် (၁၀၅)ဦး၊ဧက (၅၀၀)ချေးငွေ ကျပ်(၁၀၀)သန်းစုစုပေါင်း ကျပ်(၂၀၀)သန်းတို့ကိုစာချုပ် ချုပ်ဆိုခြင်းများဖြင့် ချေးငွေများပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းထံမှသိရသည်။
ဝင်းမင်းထွန်း(မြစ်သား)