ကျောက်ဆည် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးလုပ်ငန်းရှင်များထံ နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးမှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီက ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်မြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများရရှိရေး ကြိုးစား ဆောင်ရွက်ပေးခဲ့ရာ အကျိုးရှိစွာ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ကျော်မင်းက မွေးမြူရေးကဏ္ဍ၊ အတွင်းရေးမှူး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စိုက်ပျိုရေးကဏ္ဍနှင့် အဖွဲ့ဝင်၊ ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းက ငါးမွေးမြူရေးကဏ္ဍတို့မှ နိုင်ငံ့စီးပွားရန်ပုံငွေ လွှဲပြောင်း ထုတ်ချေးမှု နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုခြင်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင် ငါးလုပ်ငန်းလုပ်ကိုင်နေသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းထုတ်ချေးမှု နှစ်ဦးသဘောတူစာချုပ်များချုပ်ဆိုခဲ့ကြပြီး ကျောက်ဆည်မြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်တာဝန်ရှိများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်(၃၂)ဦးအတွက် ငွေကျပ်သန်း (၂၀၀)၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက် မည့်တောင်သူ(၆၈)ဦးအတွက် ငွေကျပ်သန်း(၈၀)နှင့် ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်မည့်(၈)ဦးအတွက် ငွေကျပ်သန်း (၁၇၀)အားပေးအပ်ခဲ့ရာ ချေးငွေရရှိသူများကိုယ်စား ကျားကာကျေးရွာမှ တောင်သူ ဦးတင်မျိုးလွင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
တင်တင်ထွေး