ရွှေကူ ဇူလိုင် ၁
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် သမဝါယမဦးစီးဌာနမှ ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာအလွယ်တကူဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အမှတ်(၁)မြို့မ ဈေးကြီးအတွင်းရှိ ဈေးသမဝါယမအသင်းလီမီတက်ရှေ့၌ ယနေ့နံနက် ၈ နာရီခွဲခန့်က ဒေသထွက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသထွက်ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများအား ရောင်းချပေးခြင်းကို ရွှေကူမြို့နယ်၊ သမဝါယမဦးစီးဌာနအနေဖြင့် လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် ဆန္ဒတူညီသူများ အတူတကွပူးပေါင်းဆောင်ရွက်ကြသည့် သမဝါယမအဖွဲ့အစည်းအဖြစ် “အများအကျိုးအတွက် တစ်ဦးချင်းစီက၊ တစ်ဦးချင်းအကျိုးစီးပွားအတွက် အများက’’ အပြန်အလှန် အကျိုးပြုရေးကို ဦးတည် ၍ ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန် ၊ ပဲဆီ ၊နှမ်းဆီ များနှင့် သီးနှံများ၊ လူသုံးကုန်ပစ္စည်းများ ဖြစ်သည့်ဆပ်ပြာဆီ၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်စသည့် ကုန်ပစ္စည်းအမျိုး(၁၅)တို့အား ၁၀ ရာခိုင်နှုန်း လျော့ချရောင်းချပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသထွက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဒေသခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ သမဝါယမိသားစုများကပေါင်းစု စီမံဆောင်ရွက်ရောင်းချဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းအောင်က ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)