မော်လမြိုင် ဇူလိုင် ၁
မွန်ပြည်နယ်တွင် သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရေး၊ သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပ ပြုလုပ်ရာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူ များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားဖြစ်ပြီး သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများမှာ အမျိုးသမီးများဟာ ပြည်သူတစ်ရပ်လုံးနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု အများဆုံးခံစားကြရသည့် ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် လေပြင်းတိုက်ခတ်မှုများ၊ ဆားငန်ရေဝင်ရောက်မှုများ၊ ရေကြီးရေလျှံမှုများကို တားဆီး ကာကွယ်ရန်နှင့် ဒေသနှင့်ကိုက်ညီသော လေပြင်း မုန်တိုင်းဒဏ်ခံနိုင်သည့် ကြီးမြန်သစ်မျိုးများ စိုက်ပျိုးကြခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကို လျော့ပါးသက်သာစေနိုင်ပါကြောင်း၊ ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သောအပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည့်အပင်အမျိုးမျိုးကို အစီအစဉ်တကျ စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးအပင်များကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်နှင့် အောင်မြင် အောင်ဆောင်ရွက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ရမှာဖြစ်ပြီး အများပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် သစ်တောသစ်ပင်များက ပံ့ပိုးသောပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုးများကို တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှု၊ အလေးထားမှု စိတ်ဓါတ်များဖြင့် ပါဝင်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က ၂၀၂၃ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်များ စိုက်ပျိုးဖြစ်ထွန်းမည့် သစ်မာအမျိုးအစား ကို တာဝန်ရှိသူများထံ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ မွန်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက် မှု ကြီးကြပ်မှုအဖွဲ့ဝင်များ၊ တက်ရောက်လာသူများမှ သစ်မာအမျိုးအစားများဖြစ်သော ကျွန်း၊ ရင်ခတ်၊ ပုန်းညှက်၊ ယင်းမာ၊ ခရေ၊ (တပေဘူတ)၊ စိန်ပန်း၊ မယ်ဇယ်၊ မဟော်ဂနီ၊ မန်ဂျန်ရှား စသည့် သစ်မျိုး(၁၀)မျိုး အပင်အရေအတွက် (၇၀၀)ပင် မိုးရာသီ သစ်ပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာသူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုး မှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေး၍ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)