ကျောက်ဖြူ ဇူလိုင် ၁
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့လုံးကျွတ်ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့အားသွားရောက် ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ကျောက်ဖြူမြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှအစိုးရရပ်ကွက်၊ ပင်လယ်ကမ်းခြေအနီးရှိ ဦးဥတ္တမပန်းခြံဝန်းအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းနေအိမ်လိုင်းခန်းခြံဝန်းအား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆)မှ အရာရှိ၊ စစ်သည်များ၊ ကျောက်ဖြူ တပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေ ပြည်သူများမှ အဆိုပါခြံဝန်းအတွင်း ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ငလပွေ့ရပ်ကွက်နှင့် ကုလာဘာ တောင်ရပ်ကွက်များသို့ သွားရောက်ကာ အဆိုပါရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ရပ်ကွက်နေပြည်သူများ၏ နေအိမ်များ၌ မြို့ပေါ်ပရဟိတအဖွဲ့များမှ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့လုံးကျွတ်ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှု အားပေးခဲ့သည်။ ယင်းသို့ မြို့လုံးကျွတ်ခြင်ဆေးဖြန်းခြင်းကို ပရဟိတအသင်းများအနေဖြင့် ယနေ့မှစတင်ကာ ငလပွေ့ရပ်ကွက်နှင့် ကုလာဘာတောင်ရပ်ကွက်များ၌ စတင်ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် ရပ်ကွက်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး/ဖြိုးဝေလင်း(ပြန်/ဆက်)