ဗိုလ်မှူးချုပ် တင်ဆွေသည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများနှင့် မြို့ပေါ်ရှိ ဓာတ်အားလိုင်းကြိုးများ ပြန်လည်သွယ်တန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မောင်တော  ဇူလိုင်  ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသန့်ရှင်း သာယာလှပစေရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအဖွဲ့ အစည်းများ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ စုပေါင်းကာ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ကညင်တန်း ဗိုလ်မှူးရွာအဝင်လမ်း ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် ရေမြောင်းများတူးဖော်ဆောင်ရွက်နေမှုများအား ယနေ့ နံနက် ၇ နာရီ အချိန် စုပေါင်းဆောင်ရွက်ခဲ့ကြရာ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်ရောက်ရှိနေသော  ဗိုလ်မှူးချုပ်တင်ဆွေ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး မောင်မောင်လေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ၊ မြို့ နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့် တာ၀န်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ရှေးဦးစွာ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေနှင့် တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦးဆောင်ကာ ကညင်တန်း ဗိုလ်မှူး ရွာအဝင်လမ်း ပေ ၁၅၀၀ အရှည်ရှိ ရေမြောင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စက်ယန္တရား နှစ်စီးဖြင့် တူးဖော်ကာ စည်ပင် သာယာ ရေး အမှိုက်သိမ်းကားဖြင့် သိမ်းဆည်းဆောင်ရွက်နေမှုများ၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးပြီး ရေမြောင်းများ တူးဖော်ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား  ၅၀၀ ဦးခန့်က မြို့မ တောင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းခြံဝင်းအတွင်းရှိ သတ်မှတ် နေရာများအလိုက် မြက်ပင်၊ ပေါင်ပင်များ၊ ချုံနွယ်များ၊ အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက် နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော  ဗိုလ်မှူးချုပ် တင်ဆွေ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး မောင်မောင်လေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်/မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး  မြို့တွင်းသို့ သွယ်တန်းထားသော ၁၁ ကေဗွီ ဓာတ်တ်အား လိုင်းကြိုး များအပေါ်သို့ သစ်ပင်ကြီးများ ပြိုလှဲခဲ့မှု ဖြစ်ပေါ်ခဲ့သဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဓာတ်အားလိုင်းကြိုးများအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)