ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့၌ ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပုဏ္ဏားကျွန်း  ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ အခြေခံ ပညာအထက်တန်း ကျောင်းခြံစည်းရိုးဘေးလမ်းမတစ်လျှောက်တွင် တပ်မတော်မှ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ကြရာတွင် အဆိုပါကျောင်းခြံစည်းရိုးဘေးလမ်းမတစ်လျှောက်၌ မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျန်နေခဲ့သည့် သစ်ပင် သစ်ကိုင်းများကို စက်ယန္တရားများဖြင့် ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ရွက်၊ သစ်ခြောက်များနှင့်အမှိုက်သရိုက်များ၊ ရေစီးရောလာ ကောင်းမွန်ရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ဝန်ထမ်းအင်အား(၁၅၀)ဦးခန့်တို့က အင်တိုက်အားတိုက် စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးကြပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ် ခဲ့ကြသည်။

အဆိုပါသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်သည့်နေရာသို့   ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူတို့နှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး၊  သန့်ရှင်းရေးလုပ်ငန်းဆောင်ပေးကြသူများကို အသင့်စားဆန်ထုတ် နှင့်ရွှေဝါဆပ်ပြာတောင့်များ ဝေငှထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)