ကျောက်ပန်းတောင်းမြို့နယ်ထွက်ကြက်သွန်နီဈေးနှုန်း ၂၀၀၀ ကျပ်တွင် အတက်အကျ ဈေးနှုန်း မရှိပဲရပ်တန့်နေ

ညောင်ဦး  ဇူလိုင်   ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ်လှောင်ကြက်သွန်နီဈေးနှုန်း ၂၀၀၀ ကျပ်ဖြစ်နေပြီး ဈေးအတက်အကျမရှိပဲ ကြက်သွန်နီဈေးတည်ငြိမ်နေကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ မုန့်ကုန်းကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးနေမျိုး ထွန်းထံကသိရသည်။

ဆောင်းကြက်သွန်နီဈေးနှုန်းများ မေလ၊ဇွန်လတို့တွင် ကြက်သွန်နီတစ်ပိဿာ ၂၂၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဈေးထိဈေးနှုန်းတက်ခဲ့ပြီး ဇူလိုင်လ ပထမပတ်မှာပင် ကြက်သွန်ဈေးနှုန်း ပြန်လည် ကျဆင်းခဲ့ပြီး တစ်ပိဿာ ၂၀၀၀ ကျပ်ဖြစ်နေခဲ့ကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ်လှောင်ကြက်သွန်နီအများအပြား စိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ်လျှောက်စိုက်ပျိုးခြင်း၊ ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စုကျေးရွာများ စိုက်ပျိုးခြင်းနှင့် စိတ္ထိန်း၊ကမ်းဖြူကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှစိုက်ပျိုးချိန်၊ နှုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော် ကြာမြင့်ကြောင်း၊ ဆောင်ကြက်သွန်မျိုးစတင် ပျိုးထောင်ချိန် သီတင်းကျွတ်လ၊တန်ဆောင် မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွေ့ပြောင်းစိုက်ရကြောင်း၊ ရွေ့ပြောင်းမစိုက်ပျိုးခင် အချိန်ထိ ထွန်ရေးညက်အောင်ထွန် ယက်ရခြင်း၊ မြေဆီ၊မြေဩဇာနှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူး တွင်းဖော်ရခြင်း၊များကြိုတင်လုပ်ဆောင်ထားရကြောင်း၊စိုက်ပျိုးချိန် ပျိုးနုတ်ရန်အလုပ် သမား၊အလုပ်သမငှားရမ်းရခြင်း၊ စိုက်ပျိုးဖို့ အလုပ်သမအမြောက်အများ ငှားစိုက်ရခြင်းများက ကြက်သွန်စိုက်ပျိုးသူများ ငွေကုန်ကြေးကျများသည့်လုပ်ငန်း ဖြစ်သော်လည်းနှစ် စဉ်နှစ်တိုင်းစိုက်နေကြဖြစ်နေခြင်းက ကြက်သွန်စိုက်သမားများနှစ်စဉ် စိုက်ပျိုးစေကြောင်း မုန့်ကုန်းကျေးရွာ ဦးမင်းညိုကရှင်းပြသည်။ ဆောင်းကြက်သွန်နီဈေးနှုန်းများ သုံးနှစ် ဆက်အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ဈေးနှုန်းကောင်းမျှော်လင့်နေကြကြောင်း၊ သီတင်းကျွတ်လ၊တန်ဆောင်မုန်းလတို့တွင် ကြက်သွန်နီဈေးနှုန်းအမြင့်ဆုံးသို့ရောက်ရှိ တတ်ကြောင်း၊ ကြက်သွန်နီဈေးနှုန်း အတက်အကျမရှိဘဲ ၂၀၀၀ ကျပ်ဈေးဖြစ်နေခြင်းက ကြက်သွန်စိုက်ပျိုးတောင်သူများ ထုတ်ရောင်းရမလို ၊ဆက်ပဲလှောင်ထားရမလိုဖြစ်နေ ကြောင်းလည်း လဲဂွကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ကရှင်းပြ၍ သိရသည်။

ဒီပါလင်း