မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုဂိတ်(မန့်ဝိန်းဂိတ်)၌ ယာဉ်မောင်းလဲလှယ်မောင်းနှင်ခ ပြောင်းလဲသတ်မှတ်မှုကြောင့် နှစ်နိုင်ငံကုန်သွယ် စီးဆင်းမှု ကျဆင်း

မူဆယ်  အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်စပ်ဒေသ၊ မြန်မာ-တရုတ်ကုန်သွယ်စီးဆင်းမှုတွင် အဓိကအသုံးပြု နေသည့် နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧပြီလ၊ ပထမပတ်မှ ယာဉ်မောင်း လဲလှယ်မောင်းနှင်စေသည့်စနစ်ကို စတင်အသုံးပြုလျက်ရှိရာ ယမန်နေ့က စတင်ပြီး ယာဉ်မောင်းလဲ လှယ်မောင်းနှင်သည့် နှုန်းခကို တရုတ်နိုင်ငံက ပြောင်းလဲသတ်မှတ်၍ ယခင်ထက် ယာဉ်မောင်းနှင်နှုန်းခမြင့်တက်နေကြောင်းသိရသည်။

“တရုတ်နိုင်ငံဘက်က မနေ့ကစပြီး ယာဉ်မောင်းလဲလှယ်မောင်းနှင်နှုန်းခတွေ ပြောင်းလဲသတ်မှတ်တာတွေ ပြုလုပ်နေပါတယ်၊ အရင်တုန်းမှာ တရုတ်နိုင်ငံတာဝန်ရှိသူတွေက တာဝန်ယူစီစဉ်ဆောင်ရွက်မှုနဲ့ မန့်ဝိန်းဂိတ်မှာ လဲလှယ်မောင်းနှင် ယာဉ်မောင်း (၂၀)ကျော်နဲ့ နှစ်ဖက်အပြန်အလှန်လဲလှယ်မောင်းနှင်စေတယ်ပေါ့နော်၊ အခုတော့ ကုမ္ပဏီတစ်ခုကို လွှဲပြောင်းတာဝန် ပေးလိုက်တယ်လို့ ကြားသိရပါတယ်၊ အရင်က အရင်တုန်းကတော့ တရုတ်နိုင်ငံတာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးတဲ့ အခါမှာတော့ လဲလှယ်ယာဉ်မောင်းတွေကို တရုတ်ယွမ်ငွေ (၂၀)ကျပ်ပဲပေးရတယ်၊ အခုတော့ တရုတ်ယွမ်ငွေ(၁၀၀)ကျပ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်၊ အခုလောလောဆယ်မှာတော့ လဲလှယ်ယာဉ်မောင်းတွေ(၅)ဦးကျော်နဲ့ပဲ ဝင်/ထွက်သွား လာနေတယ် လို့ သိရပါတယ်၊ အခုတရုတ်ငွေနဲ့ အဝင်(၁၀၀)ကျပ်/အထွက်(၁၀၀)ကျပ်ကို မြန်မာငွေနဲ့တွက်ကြည့်ရင် အဝင်(၂)သောင်း/ အထွက်(၂)သောင်းဆိုတော့ တော်တော်များနေတယ်”လို့ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီး များအသင်းဉက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုပြုလုပ်ရာ၌ မူဆယ်မြို့ဘက်ခြမ်း၊ မန့်ဝိန်းဂိတ်အနီးရှိ ကုန်တင် ယာဉ်များကို ရောဂါပိုးကင်းစင်သည့် ယာဉ်မောင်းများဖြင့် လဲလှယ်၍ မန့်ဝိန်းဂိတ်ကို ဖြတ်ကျော်မောင်းနှင်ပြီး တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ဘက်ခြမ်း၊ မန့်ဝိန်းဂိတ်အနီးရှိ သတ်မှတ်နေရာအထိ နှစ်ဖက်နိုင်ငံ၊ ကုန်တင်ယာဉ်များကို အပြန်အလှန်ပို့ဆောင်မောင်းနှင်ပို့ဆောင်ပေးသည်။ လဲလှယ်ယာဉ်မောင်းများက နှစ်ဖက်ကုန်တင်ယာဉ်များကို သတ်မှတ်နေရာအထိ အပြန်အလှန်ပို့ဆောင်ရပ်နားထားပြီးနောက် အသင့်စောင့်ဆိုင်းနေသည့် သက်ဆိုင်ရာ နှစ်နိုင်ငံကုန်ယာဉ်မောင်းများက မိမိကုန်တင်ယာဉ်များကို ဆက်လက်မောင်းနှင်ကြသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုဂိတ်(မန့်ဝိန်းဂိတ်)၌ ယာဉ်မောင်းလဲလှယ်မောင်းနှင်နှုန်းခ ပြောင်းလဲ သတ်မှတ်ခြင်း ကြောင့် မြန်မာ-တရုတ်နှစ်ဖက်ကုန်သည်များလည်း ထိခိုက်နစ်နာနေကြောင်းသိရပြီး  တရုတ်နိုင်ငံ ဘက်က ကြိုတင်အကြောင်း အကြားထားခြင်းမရှိသည့်အတွက် နှစ်ဖက်ကုန်သည်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်း ဉက္ကဋ္ဌ၏  ပြောကြားချက် အရသိရသည်။

ယခင်ယာဉ်မောင်းလဲလှယ်မောင်းနှင်နှုန်းခ ပြောင်းလဲသတ်မှတ်ခြင်းမပြုခင်အထိ ကုန်တင်ယာဉ်စုစုပေါင်း (၅၀၀)စီးဖြင့် နှစ်နိုင်ငံကုန်သွယ်စီးဆင်းလျက်ရှိရာ လက်ရှိတွင် မြန်မာ-တရုတ်နှစ်ဖက်ကုန်တင် ယာဉ်အဝင်/ အထွက် နှောင့်နှေးလာပြီး ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ပို့ကုန်/သွင်းကုန်ယာဉ် စုစုပေါင်း(၁၀၀)ကျော်ခန့်သာ ကုန်သွယ်စီးဆင်းနေသည့်အတွက် နှစ်နိုင်ငံကုန်သွယ် စီးဆင်းမှုလည်း ပိုမိုကျဆင်းလာကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)