မုဒုံ ဇူလိုင် ၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က ဝက်တဲကျေးရွာရှိ ဓမ္မာရုံ၌ ပြုလုပ်သည်။
ရှေးဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ အတိုးနှုန်းကာလ သတ်မှတ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကျေးရွာလုပ်ငန်းအဖွဲ့ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်၊ ကျေးရွာက ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ကျေးရွာသူ / သားတို့၏ သဘောဆန္ဒနှင့်အညီ ကော်မတီအဖွဲ့ဝင် ခုနှစ်ဦးကို ရွေးချယ်ပေးခဲ့သည်။
မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ တွင် အကော်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ် ဝက်တဲကျေးရွာတွင် စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံ ငွေကျပ် သိန်း ၃၀၀ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ကျေးရွာနေပြည်သူများ လုပ်ကိုင်နိုင်ရန်အတွက် ထုတ် ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)