ပေါက်တော ဇူလိုင် ၁
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ဒေသခံ တောင်သူများအား မျိုးစပါး ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ သင်္ဘောဆိပ်တွင်ပေးအပ်ကြသည်။
အခမ်းအနားတွင် ဗိုလ်မှူးချုပ် ဆန်နီအုန်း ကမိုးစပါး စိုက်ပျိုးရာသီတွင် စပါးအထွက်နှုန်း ကောင်းမွန်ရေးအတွက်ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများကို စိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူများအနေဖြင့် မျိုးမှန်ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ပါက အရည်အသွေးကောင်းသော ပစ္စည်းများကို ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပေါက်တောမြို့နယ်၌ မိုးစပါး စိုက်ပျိုးသူ တောင်သူ ၂၆၃ ဦးအတွက် အထွက်ကောင်းမျိုး စပါး GW-11 အိတ် ၁၆၀၀ ကို ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးပေးအပ်ရာ မုန်တိုင်း ဒဏ်သင့် တောင်သူများက လက်ခံရယူကြသည်။
ထို့ပြင် ပေါက်တောမြို့နယ်တွင် ယနေ့ထိ ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်း တိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော တောင်သူ ၄၁၂ ဦးအား မျိုးစပါး အိတ် ၂၆၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးထံမှ သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)