အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား

ဇမ္ဗူသီရိ ဇူလိုင် ၁

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲက Naypyitaw State Academy ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ၏ ၃၄ ရာခိုင်နှုန်းသည် အသက် (၁၅)နှစ်မှ (၃၅)နှစ်အတွင်းရှိသည့် လူငယ်လူရွယ်များဖြစ်ပါကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် နိုင်ငံတော်က အားကိုး အားထားရသည့် လူတော်လူကောင်းများဖြစ်လာစေရန် အားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးရန် လိုကြောင်း၊ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်ကြိုးစားကြစေလိုကြောင်း၊ လူငယ်များစာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ငယ်စဉ်အရွယ်ကတည်းက လေ့ကျင့်ပေးရန်လိုကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူငယ်စင်တာများထူထောင်၍ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်၌ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  လူငယ်ကဏ္ဍ (၁၆) ရပ်တွင် ပါဝင်သည့် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များ (ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ) ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝစေရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် နိုင်ငံတော်သာမက မိဘ၊ ဆရာ/ဆရာမများသည် လက်ဦးဆရာများဖြစ်သည့်အတွက် တာဝန်ပိုကြီးကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့်လည်း တိုင်းပြည်နှင့် လူမျိုးအပေါ်ချစ်ခင်မြတ်နိုးစိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာစေရန် ကြိုးစားနေထိုင်သွားကြစေ လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့်က လူငယ်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အားကစားပစ္စည်းများကို Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်အား ပေးအပ်လှူဒါန်းခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)